Jul 5, 2012

မရဏကျောပိုးဖြင့် အသက်မွေးသူများ

(မိုးယင်းကြီးရေတိမ်ဒေသ) 
 သားကြီး (၂၄ နှစ်)က လျှပ်စစ်ခလုပ်ကိုဖွင့်လိုက်ပြီး ၀ါးတုတ်တံနှစ်ချောင်းထိပ်မှာ တပ်ဆင်ထားတဲ့ သံချောင်းနှစ်ချောင်းကို ရေစပ်စပ်ထဲကိုထိုးချလိုက်တဲ့အခါ မကြာခင်မှာပဲ ငါးခူတစ်ကောင် ရေပေါ်ပေါ်လာတယ်။ ပေါ်လာတဲ့ ငါးခူကိုရေထဲကဆယ်ပြီး ပလိုင်းထဲကောက်ထည့်လိုက်တယ်။သူ့ကျောပေါ်မှာ ပလတ်စတစ် ပုံးထဲထည့်ထားတဲ့ ၁၂ ဗို့ဘက်ထရီအိုးတစ်လုံးရှိပြီး ရင်ဘတ်မှာ ပလိုင်းကိုလွယ်ထားတယ်။ ဘက်ထရီအိုးနဲ့တွဲထားတဲ့ လျှပ်စစ်ဝါယာလျှော့တိုက်တဲ့ စက်ခလုတ် ခုံက တဒီးဒီးအသံမြည်နေတယ်။
`သေမင်းတမန်ကို ကျောမှာလွယ်ထားရတာ။ အခန့်မသင့်ရင် လူပါသေသွားနိုင်တယ်´ လို့ ၀ါယာလျှော့တိုက်နေရင်း သားကြီးက ပြောတယ်။
ရေထဲကိုချထားတဲ့ လျှပ်စစ်စီးနေတဲ့သံချောင်းနှစ်ချောင်းရဲ့ ပတ်ပတ်လည်မှာ လျှပ်စစ်စီးနေပြီး ၄င်းစက်ကွင်းအတွင်းကိုဝင်လာတဲ့ ရေနေသတ္တ၀ါမှန်သမျှဟာ ဓါတ်လိုက်ခံရပါတယ်။ တစ်ချို့ငါးတွေ ပက်လက်လန်ပြီးရေပေါ်ပေါ်လာတယ်။
သားကြီးငါးဖမ်းအသက်မွေးတဲ့ မိုးယင်းကြီးရေတိမ်ဒေသမှာ လျှပ်စစ်ဝါယာလျှော့တိုက်ငါးဖမ်းနည်းကို တံငါအများစုက အသုံးပြုကြပါတယ်။ သည်နည်းဟာ ရေနေသတ္တ၀ါတွေနဲ့ ရေတိမ်ဒေသရဲ့ ဂေဟဗေဒစနစ်ကို ပျက်ဆီးစေနိုင်တာကြောင့် တားမြစ်ထားတဲ့ငါးဖမ်းနည်းဖြစ်ပေမယ့် ပိုက်နဲ့ဖမ်းရတာထက်ပိုလွယ်တဲ့အတွက် အသုံးပြုလာကြတာဖြစ်ပါတယ်။
 
မိုးယင်းကြီးအင်းအတွင်း လျှပ်စစ်ရှော့တိုက်နည်းဖြင့်ငါးဖမ်းနေသူတစ်ဦး ။ (ဓါတ်ပုံ - YPI)


မိုးယင်းကြီးရေတိမ်ဒေသ
မိုးယင်းကြီးရေတိမ်ဒေသဟာ မြန်မာနိုင်ငံရဲ့စီးပွားရေးမြို့တော်ရန်ကုန်ရဲ့ မြောက်ဘက် ၇၀ မိုင် ( ၁၁၂ ကီလိုမီတာ) အကွာမှာတည်ရှိပြီး စတုရန်းဧရိယာ ၄၀ မိုင် (၁၀၃ စတုရန်းကီလိုမီတာ) ကျယ်ဝန်းပါတယ်။ ၁၈၇၈ ခုနှစ်မှာ ရေလှောင်တမံအဖြစ်တည်ဆောက်ခဲ့ပြီး ၁၉၈၈ ခုနှစ်မှာ ၄င်းရေတိမ်ဒေသ ကို ဘေးမဲ့တော အဖြစ်သတ်မှတ်ခဲ့ပါတယ်။
၎င်းရေတိမ်ဒေသဟာ ဘဘာဝအခြေခံခရီးသွားလုပ်ငန်းဖြစ်တဲ့ ငှက်ကြည့်ခရီးစဉ်အဖြစ်ထင်ရှားတဲ့ဒေသဖြစ်ပါတယ်။ ငှက်မျိုးစိတ်ပေါင်း ၁၂၅ ကျော်တွေ့ရှိနိုင် ပြီး မျိုးစိတ် ၇၀ ခန့်ဟာ ဆောင်းခိုငှက်တွေဖြစ်ပါတယ်။ ငါးမျိုးစိတ်ပေါင်း ၄၀ ကျော်တွေ့ရှိနိုင်တယ်လို့ သစ်တောဦးစီးဌာန၊ သဘာဝနှင့်သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာနရဲ့ လေ့လာတွေ့ရှိချက်တွေကဆိုပါတယ်။
မိုးယင်းကြီးအင်းကိုအမှီပြုနေထိုင်တဲ့ ကျေးရွာပေါင်း ၁၇ ရွာရှိပြီး လူဦးရေ ၃၀,၀၀၀ ကျော်ရှိတယ်လို့ခန့်မှန်းပါတယ်။ ၄င်းတို့ထဲက ၇၀ % ဟာ တံငါ သည်တွေဖြစ်ကြပါတယ်။
ရေတိမ်ဒေသဆိုတဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ ၄င်းဒေသကိုမှီခိုနေတဲ့သူတွေကို သုံးခွင့်ပေးရမယ်ဆိုတာပါတယ်။ ဒါပေမယ့် စီးပွားဖြစ်အသုံးပြုခွင့်ပေးတာ မဟုတ် ဘဲ တစ်ပိုင်တစ်နိုင်သုံးစွဲခွင့်ပေးတာကိုဆိုလိုတယ်လို့ ၄င်းဒေသမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ အမည်မဖော်လိုတဲ့ သစ်တောထိန်းသိမ်းရေးပညာရှင်တစ်ဦးက ရှင်းပြပါတယ်။
မိုးယင်းကြီးကိုဘေးမဲ့တောအဖြစ်သတ်မှတ်ထားတာကြောင့် အင်းထဲမှာငါးဖမ်းခွင့်တော့တရားဝင်ခွင့်ပြုမထားပါဘူး။ မိသားစုစားဝတ်နေရေးအတွက် တစ်ပိုင် တစ်နိုင်အသုံးပြုခွင့်တော့ နားလည်မှုနဲ့ပေးထားတယ်။ ` ဒါပေမယ့် အဲဒီအထဲမှာ လျှပ်စစ်ဝါယာလျှော့တိုက်ငါးဖမ်းနည်းကို လုံးဝခွင့်မပြုပါဘူး´ ဟု ၄င်းကပြောပါ တယ်။ လျှပ်စစ်ဝါယာလျှော့တိုက်နည်းကို ရင်တွန်းပိုက်တွေမှာလည်းသုံးကြပါတယ်။ ရင်တွန်းပိုက်ဆိုတာ လူကရေထဲဆင်းပြီး ၀ါးလုံးနှစ်ချောင်းမှာချည်ထား တဲ့ ပိုက်ကို တွန်းပြီးငါးဖမ်းတဲ့နည်းဖြစ်ပါတယ်။ ပိုက်အစွန်းထိပ်နှစ်ဖက်မှာ လျှပ်စစ်ဝါယာကြိုးနှစ်ချောင်းကိုချည်ထားပြီး လျှော့တိုက်တဲ့နည်းပါ။
အများစုကတော့ ၀ါးတုတ်တံထိပ်မှာ သံချောင်းတပ်ပြီးလမ်းလျှောက်လျှော့တိုက်နည်းကို အသုံးပြုကြတာ တွေ့ရပါတယ်။ သည်နည်းက အရင်းအနှီးနည်းပြီး အလွယ်တကူလုပ်နိုင်တဲ့နည်းဖြစ်တာကြောင့်ပါ။ ၄င်းငါးဖမ်းနည်းဟာ လွန်ခဲ့တဲ့ခြောက်နှစ်ကျော်လောက်က မိုးယင်းကြီးဒေသကိုစတင်ရောက်ရှိလာခဲ့ပြီး တစ်စတစ်စတွင်တွင်ကျယ်ကျယ်အသုံးပြုလာကြတာဖြစ်တယ်လို့တံငါသည်တွေကပြောကြပါတယ်။
မိုးယင်းကြီးအုပ်ချုပ်ရေးဌာနမှာ ၀န်ထမ်းအင်အားနဲ့ ဘတ်ဂျက်အင်အားနည်းတာကြောင့် လျှပ်စစ်ဝါယာလျှော့ တိုက်ငါးဖမ်းနည်းအသုံးပြုသူအရေအတွက် အတိအကျသိဖို့ခက်တယ်လို့ အမည်မဖော်လိုတဲ့ သစ်တောပညာရှင်က ပြောပါတယ်။
ရေတိမ်ဒေသနှင့်အစာကွင်းဆက်
လျှပ်စစ်ဝါယာလျှော့တိုက်တဲ့အခါ လျှပ်စစ်စီးကြောင်းထဲရှိသမျှ ငါးအပါအ၀င်အခြား ရေနေသတ္တ၀ါတွေကိုပါ ထိခိုက်ပါတယ်။ ၄င်းလျှပ်စစ်စီးကြောင်းနဲ့ထိတွေ့မိတဲ့ ငါးမှန်သမျှရဲ့ မျိုးပွားမှုအင်္ဂါတွေ ပျက်စီးစေနိုင်တယ်လို့ ဆိုပါတယ်။
`၀ါယာလျှော့တိုက်ခံလိုက်ရတဲ့ငါးတွေမှာ ငါးအထီးတွေတောင် အထီးစစ်စစ်မဟုတ်တော့ဘဲ ဂျီပုန်းတွေဖြစ်ကုန်တယ်´ လို့ ၄င်းပညာရှင်ကပြောပါတယ်။
ဝါယာလျှော့တိုက်တာကြောင့်ရေထဲမှာနေထိုင်တဲ့ငါးအပါအ၀င် ရေပိုးရေမွှားလေးတွေကိုပါသေစေနိုင်တာကြောင့် ၄င်းတို့ကိုအစားအစာအဖြစ်မှီခိုနေတဲ့ ငါးငယ်တွေ၊ ငါးငယ်တွေကိုမှီခိုနေထိုင်တဲ့ ငါးကြီးတွေစသဖြင့် အစာကွင်းဆက်ကို အဆင့်ဆင့်ထိခိုက်စေနိုင်ပါတယ်။
အဲသည့်အခါ ၄င်းငါးတွေကိုအစာအဖြစ်စားသုံးတဲ့ ငှက်တွေလည်းရှားပါးလာနိုင်ပြီး မိုးယင်းကြီးရေတိမ်ဒေသရဲ့ ဂေဟဗေဒ စနစ်ကိုပါထိခိုက်လာမှာ စိုးရိမ်ရ တယ်လို့ Myanmar Birds and Nature Society မှပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောပါတယ်။
`မျက်စိနဲ့မမြင်နိုင်တာတွေ မြင်နိုင်တာတွေအကုန်လုံး မျိုးတုန်းသွားနိုင်တယ်။ လျှော့တိုက်တာကြောင့် ပျက်စီးသွားတဲ့ဂေဟစနစ်ကို လူမမြင်ရဘူး။ ကင်ဆာလိုပဲ ကျိတ်ပြီးသေသွားတဲ့ဟာ´ လို့ Myanmar Birds and Nature Society မှပြောခွင့်ရပုဂ္ဂိုလ်ကမှတ်ချက်ပြုပါတယ်။
မိုးယင်းကြီးအင်းအုပ်ချုပ်ရေးဌာနမှ ငါးလုပ်ငန်းဦးစီးဌာနနဲ့ပူးပေါင်းပြီး လျှပ်စစ်ဝါယာလျှော့တိုက် ငါးဖမ်းသူတွေကိုအရေးယူလေ့ရှိပါတယ်။ အထူးသဖြင့် ငါးရစ်တက်ချိန်တွေမှာ မည်သည့်ငါးမျိုးကိုမှ ဖမ်းဆီးခွင့်မပေးဘဲ လိုက်လံဖမ်းဆီးအရေးယူဆောင်ရွက်ပါတယ်။
အဲသည်လိုအချိန်မျိုးတွေမှာ မိသားစုစားဝတ်နေရေးအခက်အခဲဖြစ်ကြတယ်လို့ တံငါသည်မိသားစုတွေကဆိုပါတယ်။
`အိမ်ကလူငါးဖမ်းတာအခြေအနေမကောင်းတော့ ကျွန်မကဆေးလိပ်လိပ်တယ်။ အိမ်စားစရိတ်မလောက်ပေမယ့် အကြွေးတွေမများလာအောင်တော့ ထိန်းထားရတာပေါ့´ လို့ မိုးယင်းကြီးအင်းကိုမှီခိုနေရတဲ့ တံငါသည်အိမ်ရှင်မတစ်ဦးဖြစ်သူ မသန်းအေး(၃၇ နှစ်) က မိသားစုစား ၀တ်နေရေးဖြေရှင်းပုံ ကိုပြောပြ တယ်။
ယခုနှစ်ငါးရစ်တက်ချိန်မှာ အဖမ်းအဆီးများတာကြောင့်၎င်းရဲ့ခင်ပွန်းငါးဖမ်းမထွက်နိုင်တာ ငါးရက်ခန့်ရှိပြီး တစ်ဖက်တစ်လမ်းက ၀င်ငွေရှာရတာဖြစ်တယ်လို့ ဆိုပါတယ်။ ဆေးပေါ့လိပ်တစ်လိပ် လိပ်ခအဖြစ် ငွေတစ်ကျပ်ရရှိပြီး ကျွမ်းကျင်တဲ့အမျိုးသမီးတစ်ဦးတစ်ရက်ကို ဆေးလိပ် ၁၂၀၀ ၀န်းကျင်ခန့်လိပ်နိုင်တယ်လို့ သိရပါတယ်။ သူတို့မိသားစုဝင်ငွေဟာပုံမှန်မရှိဘဲ တစ်ရက်ကို ၃,၀၀၀ ကျပ်ကနေ ၅,၀၀၀ကျပ်ဝန်းကျင်ရရှိပြီး ငါးအမိများတဲ့နေ့တွေမှာတော့ အဲဒိထက် ၀င်ငွေ ပိုတယ်လို့ဆိုပါတယ်။
ယခုချိန်ဟာ ကလေးတွေကျောင်းဖွင့်ချိန်ဖြစ်တာကြောင့် ကလေးကျောင်းစရိတ်အခက်ခဲကိုဖြေရှင်းဖို့ လက်ရှိသုံးနေတဲ့ ငါးဖမ်းလှေကိုရောင်းပြီး သူ့ထက်နည်းနည်းသေးတဲ့လှေကိုပြန်ဝယ်မယ်လို့ဆိုပါတယ်။ ပိုတဲ့ငွေနဲ့ကလေးကျောင်းထားဖို့ စီစဉ်ရမှာဖြစ်တယ်လို့ မသန်းအေးကပြောပြတယ်။
ထိန်းသိမ်းရေးအတွက် အချက်သုံးချက်
မြန်မာ့ကျေးလက်ဒေသတွေမှာ အလုပ်အကိုင်ရှားပါးမှုနဲ့ ပညာကောင်းစွာမသင်ကြားနိုင်မှုတွေက ဒေသဖွံ့ဖြိုးတိုးတက်ရေးကိုနှောင့်နှေးစေပြီး သည်ကိစ္စကို တာဝန်ရှိအာဏာပိုင်တွေက မဖြေရှင်းပေးနိုင်သရွေ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေကို လုပ်ဆောင်ဖို့ခက်ခဲနေဦးမှာဖြစ်တယ်လို့ သားငှက်တိရိစ္ဆာန်ထိန်းသိမ်းရေးအန်ဂျီအိုတစ်ခုမှ ပညာရှင်တစ်ဦးက မှတ်ချက်ပေးပါတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်ရေးလုပ်ငန်းတွေလုပ်တဲ့အခါ ၄င်းဒေသကို မှီခိုနေထိုင်သူတွေရဲ့ တက်ကြွစွာပါဝင်လှုပ်ရှားမှုကလွန်စွာအရေးကြီးပါတယ်။
`ပထမအချက်က Listining။ နားထောင်ပြီးတော့မှ Understanding။ အဲဒါတွေသဘောပေါက်ပြီဆိုမှ Participating။ ဒါပေမယ့် ကျွန်တော်တို့ဆီမှာ ကလောလာဆယ် စားဖို့အတွက်ပဲလုပ်နေရတော့ Listining နဲ့တင်ပြီးသွားတဲ့သူတွေအများကြီး´ လို့ ၄င်းကရှင်းပြပါတယ်။
`စားစရာမရှိတဲ့သူက နားထောင်ဖို့လည်းအချိန်ပေးနိုင်မှာမဟုတ်ဘူး။ သူတို့ကိုအရင်ဆုံး စားစရာရှိအောင်လုပ်ပေးနိုင်မှ ကျန်တာတွေဆက်လုပ်လို့ရမှာ။ အသက်ရှင်ရပ်တည်ရေးအတွက် ရုန်းကန်ရတာကို တစ်ဖက်သတ်အပြစ်တင်နေလို့ မရပါဘူး´ လို့ သူကဆက်ပြောတယ်။
အကျင့်ပျက်ချစားတဲ့အစိုးရ၀န်ထမ်းတွေနဲ့ အာဏာပိုင်တွေနဲ့နီးစပ် တဲ့စီးပွားရေးလုပ်ငန်းရှင်တွေရဲ့လောဘကြောင့် မြန်မာနိုင်ငံရဲ့သဘာဝ သယံဇာတတွေတော်တော် များများဟာ ပြီးခဲ့တဲ့နှစ်နှစ်ဆယ်အတွင်းမှာ အလျင်အမြန်ပြုန်းတီးလာခဲ့ပါတယ်။
သဘာဝတောတွေခုတ်ထွင်ပြီး ဆီအုန်းနဲ့ရာဘာစိုက်ပျိုးခြင်း၊ သစ်တောတွေထုတ်ပေးနိုင်စွမ်းထက် အလွန်အကျွံ ထုတ်ယူသုံးစွဲခြင်း နဲ့ ရွှေတွင်းတွေအကြီးအကျယ်လုပ်ခွင့်ပေးတာကြောင့် မြေပြိုမှုတွေ၊ မြစ်ရေကြီးမှုတွေနဲ့ ရေညစ်ညမ်းမှုတွေဖြစ်လာတာကို ထောက်ပြပြောဆိုပါတယ်။ 
၎င်းလုပ်ငန်းတွေဟာ ဒေသပတ်ဝန်းကျင်ကိုအမှီပြုနေထိုင်ကြရတဲ့အခြေခံလူထုအပါအ၀င် နိုင်ငံတော်ကို အကျိုးစီးပွား ဖြစ်ထွန်းစေတဲ့လုပ်ငန်းတွေမဟုတ်ဘဲ ရေပေါ်ဆီလူတန်းစားတစ်စုနဲ့ အာဏာပိုင်တွေအကျိုးစီးပွားအတွက်သာ ဖြစ်တယ်လို့ဆိုပါတယ်။
`အန်ဂျီအိုတွေက ပညာပေးတာ၊ မေတ္တာရပ်ခံတာပဲလုပ်လို့ရမယ်။ ဒေသခံတွေဖွံ့ဖြိုးတိုးတက်ဖို့နဲ့ သဘာဝပတ်ဝန်းကျင်ကို အလွန်အကျွံစီးပွားဖြစ်သုံးနေတဲ့သူတွေကို ဥပဒေအရစီမံနိုင်ဖို့ကျတော့ အာဏာပိုင်အဖွဲ့အစည်းတွေရဲ့ပူးပေါင်းဆောင်ရွက်မှုလိုပါတယ်´ လို့ အဆိုပါပညာရှင်ကပြောပါတယ်။
မိုးယင်းကြီးရေတိမ်ဒေသမှာ ငှက်နဲ့ ငါးအပြင် လိပ်တွေကိုပါတွေ့ရှိနိုင်ပါတယ်။ ဒါပေမယ့် ဈေးကောင်းပေးဝယ်တဲ့သူတွေရှိတာကြောင့် ၄င်းအင်းထဲမှာ လိပ်တွေအတော်ရှားပါးလာပြီဖြစ်တယ်လို့ တံငါသည်တွေကဆိုပါတယ်။
`ဟိုးအရင်ကလိပ်ဥတွေပါရတတ်တယ်။ ကျွန်တော်လိပ်မမြင်ရတာ နှစ်နဲ့ချီနေပြီ´ လို့ သားကြီးကပြောပါတယ်။ ၀ါယာလျှော့တိုက်နည်းကို သူအသုံးပြု လာ တာ လေးနှစ်ကျော်ရှိပါပြီ။
လျှပ်စစ်ဝါယာလျှော့တိုက်နည်းကြောင့် ငါးမျိုးတွေရှားပါးလာနိုင်တယ်ဆိုတာကိုလည်း သားကြီးကသိနေသူပါ။ သူကိုယ်တိုင်လည်း အကြိမ်ကြိမ်ဓါတ်လိုက်ခံ ဖူးပေမယ့် တစ်နှစ်အရွယ် သားကလေးတစ်ယောက်ရှိတဲ့ သူ့မိသားစုစားဝတ်နေရေးအတွက် သည်အလုပ်ကိုမလုပ်ရင် ရွာမှာတခြားဝင်ငွေရစရာလမ်း မရှိတော့ဘူးလို့ သူကပြောတယ်။ သူ့ကလေးတွေလက်ထက်မှာ ငါးတွေရှိတာ၊မရှိတာထက် လောလောဆယ် မိသားစုစားဝတ်နေရေးကိုသာ ဖြေရှင်းပေးနေ ရတယ်လို့ သားကြီးကဆိုပါတယ်။
` ဒီသေမင်းတမန်ကိုကျောပိုးပြီး ငါးတွေကိုဓါတ်လိုက်အောင်မလုပ်ရင် လောလောဆယ် ကျွန်တော်တို့ထမင်းငတ်သွားလိမ့်မယ်´ လို့ ဘက်ထရီအိုးနဲ့တွဲထားတဲ့ စက်ခလုပ်ခုံကိုပုတ်ပြရင်း သူကပြောတယ်။
                                                                                                      ဇေယျာလိုင်
မူရင်းလင့်မှာဖတ်ချင်ရင်ဒီမှာနှိပ်ပါ

No comments:

Post a Comment